ကျား၊မ တန်းတူညီမျှမှုရှိရေး

ကျား၊မ တန်းတူညီမျှမှုဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသောလူ့အသိုင်းအဝိုင်းရရှိရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကျား၊မရေးရာတန်းတူညီမျှမှုဆိုတာ လူမှုစီးပွားရေးလှုပ်ရှားမှုတွေနဲ့ ဆုံးဖြတ်ချက်ချခြင်းတွေမှာ ကျား၊ မ မခွဲခြားဘဲ ပါဝင်နိုင်စေရန် အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို တန်းတူအလွယ်တကူရရှိနိုင်သော အခြေအနေရှိခြင်းလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက် အခွင့်အလမ်းများ ပိုမိုတန်းတူညီမျှရရှိရန် လိုအပ်ပါတယ်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ခြင်းဖြင့် နိုင်ငံ့လူမှု၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ များစွာအထောက်အကူပြုနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ကျား၊မ တန်းတူညီမျှဖြစ်ရေးလုပ်ဆောင်ချက်တွေဟာ တိုးတက်သင့်သလောက် တိုးတက်လာကြပေမဲ့ ရည်မှန်းချက်တွေ အပြည့်အဝမရရှိသေးပါဘူး။ အဖွဲ့အစည်းတွေမှာ အမျိုးသမီးများဦးဆောင်မှု၊ တန်းတူပါဝင်နိုင်မှုတွေများလာပါတယ်။ လုပ်ငန်းခွင်များမှာ အမျိုးသမီးဦးရေများလာသော်လည်း အချို့ ဒေသများမှာ အမျိုးသမီးများအား အမျိုးသားများနှင့် တန်းတူသည့် အလုပ်အကိုင်များအား စနစ်တကျငြင်းပယ်ခံရနေရတဲ့ မမျှတမှုတွေ ဆက်လက်ရှိနေပါသေးတယ်။

ကျား၊မ တန်းတူညီမျှရှိရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၅)ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်(၅)ရဲ့ ပစ်မှတ် ၉ခုဟာ ၂၀၃၀ ပြည့်နှစ်မှာ ပုံစံအမျိုးမျိုးဖြင့် နေရာတိုင်းမှာ အမျိုးသမီးများနှင့်မိန်းကလေးများအား ခွဲခြားဆက်ဆံခြင်းများအားလုံးကို အဆုံးသတ်စေရန် ရည်ရွယ်ထားပါတယ်။

အမျိုးသမီးများဟာ နိုင်ငံရေးကဏ္ဍတွေမှာ ပိုမိုပါဝင်လာကြပေမဲ့ ကမ္ဘာ့ပျှမ်းမျှအနေနဲ့ ပါလီမန်လွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ် ၂၃.၇ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံလွှတ်တော်တွေမှာတော့ ၂၀၁၀မှာ ၅ရာခိုင်နှုန်းရှိရာမှ ၂၀၁၉မှာ ၁၁ရာခိုင်နှုန်းကျော်ရှိလာပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာတော့ ပြည်ထောင်စုအဆင့်ဝန်ကြီးခန့်အပ်တာဝန်ပေးမှုဟာ ပိုမိုနည်းပါးလာပါတယ်။ လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့မှာ ၄ရာခိုင်နှုန်း (သို့မဟုတ်) အမျိုးသမီး ၁ ယောက်ပဲ ခန့်အပ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးများနဲ့မိန်းကလေးငယ်များ ဦးဆောင်မှု၊ ဆုံးဖြတ်နိုင်မှု အခွင့်အလမ်းများကို အမျိုးသားများနည်းတူ တန်းတူညီမျှရရှိရန် လိုအပ်ပါတယ်။

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi