အခြေခံအဆောက်အအုံနှင့် တီထွင်ဆန်းသစ်မှုတို့တွင် ရင်းနှီးမြုပ်နှံမှုသည် စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ မောင်းနှင်အားများ ဖြစ်ကြတယ်။ ဒါကြောင့် အားလုံးပါ၀င်ပြီး ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းများမြှင့်တင်ခြင်း၊ သိပ္ပံနည်းကျ သုတေသနများနှင့် ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်ခြင်း နှင့် ဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ဟာ စဉ်ဆက်မပြတ် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာမှာ များစွာအထောက်အကူ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံများဟာ အခွန်နှင့်ကုန်သွယ်ရေးတင်းမာမှုများကြောင့် ထုတ်လုပ်မှုတိုးတက်မှုများ ကျဆင်းနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်မှုများ နှေးကွေးသွားပြီး လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများလို လုပ်ငန်းများဟာ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။ လုပ်ငန်းငယ်လေးများအတွက် ငွေကြေးထောက်ပံ့ခြင်းဖြင့် ဒီလုပ်ငန်းတွေ ဆက်လက်ရှင်သန်စေနိုင်ပါတယ်။ ၂၀၀၆-၂၀၁၈ခုနှစ်အတွင်းမှာ လုပ်ငန်းငယ်တွေရဲ့ ၃၅ရာခိုင်နှုန်းလောက်သာ အကြွေးရယူနိုင်ကြပါတယ်။
စက်မှုလုပ်ငန်းဆက်လက်လည်ပတ်ရေး၊ တီထွင်ဆန်းသစ်မှုများ မြင့်တင်ရေးနဲ့ အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၉) ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်(၉)ရဲ့ ပစ်မှတ် ၈ခုဟာလည်း ဒီကဏ္ဍ ၃ခုကို တိုးတက်မြင့်တင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားသလို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကို ငွေကြေး၊ နည်းပညာသစ်များ၊ နည်းပညားနှင့်ပတ်သက်သော အထောက်အပံ့များ နိုင်ငံငယ်များအတွက် ပိုမိုလျာထားကြရန် နှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနှေးကွေးတဲ့နိုင်ငံများမှာ စားသောက်ကုန်နှင့်အဖျော်ယမကာ (စိုက်ပျိုးရေးလုပ်ငန်း)နဲ့ အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းတွေဟာ စက်မှုလုပ်ငန်းအတွက် ကြီးမားသောအလားအလာရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ဖန်တီးနိုင်ရေးနဲ့ ထုတ်လုပ်မှုစွမ်းရည်မြင့်မားနိုင်ရေးတွေအတွက် အလားအလာကောင်းများ ဆက်လက်ရှိပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါကာလမှာတော့ ဒီလုပ်ငန်းများဟာ လွန်စွာအထိနာနေကြပါတယ်။ ဒါကြောင့် နိုင်ငံတွေဟာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးရဲ့ ထိရောက်မှုကို သတိထားမိလာကြပြီး ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ပိုအာရုံစိုက်လာကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒစ်ဂျစ်တယ်နည်းပညာ ကွာခြားချက်များကို ဖြည့်စည်းပေးခြင်းဖြင့် အချက်အလက်နှင့် ဗဟုသုတများ သာတူညီမျှစွာ လက်လှမ်းမှီစေရုံသာမက တီထွင်ဆန်းစစ်မှုနှင့် စီးပွားရေးစွန့်ဦးဆောင်ရွက်မှုများ အားကောင်းစေနိုင်ပါတယ်။