
ဒဏ်ခံနိုင်ရည်ရှိခြင်းဟုဆိုရင် အခက်အခဲများမှ လျင်မြန်စွာပြန်လည်နာလန်ထူနိုင်စွမ်းရှိခြင်း၊ ဒူပေနာပေခံနိုင်ခြင်း၊ အကြမ်းပတမ်းခံနိုင်ခြင်းလို့ ဆိုနိုင်ပါတယ်။ ခံနိုင်ရည်ရှိခြင်းဟာ လူတစ်ဦးချင်းစီ၊ လူ့အသိုင်းအဝိုင်းများနဲ့ စနစ်တွေကို အခက်အခဲ၊ ဖိအားများကြားမှာ ရှင်သန်ရန်၊ လိုက်လျောညီထွေမှုရှိရန်၊ ကြီးထွားတိုးတက်ရန်၊ အန္တရာယ်များကို အခွင့်အလမ်းများအဖြစ် ဖန်တီးနိုင်ရန်နဲ့ သင့်လျော်တဲ့ အချိန်အခါအလိုက် အခြေအနေများကို လိုအပ်သလို အသွင် ကူးပြောင်းရန်တို့ကို ဖြစ်မြောက်စေပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ လူတစ်ဦးချင်းစီ၊ လူ့အသိုင်း အဝိုင်းများနဲ့ နိုင်ငံတွေရဲ့ ဒဏ်ခံနိုင်ရည်ရှိခြင်းကို စမ်းသပ်နေသလို ဖြစ်နေပါတယ်။ အသေးစိတ် အနေနဲ့ပြောရရင် ကြိုတင်ပြင်ဆင်ထားမှု၊ စနစ်ရှိ၊ မရှိမှုတို့ကို စမ်းသပ်နေပါတယ်။
ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကတော့ ဒဏ်ခံနိုင်ရည်ရှိခြင်းလို့ဆိုရင် သဘာဝဘေးအန္တရာယ်နဲ့ ငွေရေးကြေးရေးအကျပ်အတည်းကို ခံနိုင်ရည်ရှိခြင်းလို့ အကြမ်းဖျဥ်းသတ်မှတ်ကြပါတယ်။ ကိုဗစ်လိုကပ်ရောဂါဆိုးဒဏ်ကို ခံနိုင်ဖို့ ဘယ်နိုင်ငံမှ မပြင်ဆင်ထားခဲ့ကြပါဘူး။ အစမှာ ကျန်းမာရေးဆိုးကျိုးသက်ရောက်မှုလို့ ထင်မှတ်ထားကြပေမဲ့ အခုမှာတော့ လူမှုရေး၊ စီးပွားရေး၊နဲ့ နိုင်ငံလုံခြုံရေးများကို အန္တရာယ်ပြုလာသလို ရေရှည်ရှင်သန်တိုးတက်ဖွံ့ဖြိုးမှုအတွက်ပါ ခြိမ်းခြောက်လာပါတယ်။
ဒါကြောင့် နိုင်ငံမူဝါဒများချမှတ်ရာမှာ တိုင်းပြည် လူ့အသိုင်းအဝိုင်းရဲ့ ခံနိုင်ရည်ရှိ၊ မရှိခြင်းကို ထည့်သွင်းစဥ်းစားဖို့အတွက် (၁) အန္တရာယ် များကို ကြိုတင်သတ်မှတ်နိုင်စွမ်း၊ (၂) ဖြစ်နိုင်ခြေရှိသော အားလုံးအပေါ် သက်ရောက်မှုများကို စူးစမ်းလေ့လာနိုင်စွမ်း၊ (၃) ခံနိုင်ရည်စွမ်းရည်ကို တည်ဆောက်သော မူဝါဒများနှင့် အဖွဲ့အစည်း ဆိုင်ရာ တုံ့ပြန်မှုနိုင်စွမ်းတို့ကို တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။
ခံနိုင်ရည်မြှင့်တင်ရာမှာလည်း အပြန်အလှန်ဆက်စပ်နေသော စွမ်းရည် ၄ ရပ်ကို မြှင့်တင် ပေးရပါမယ်။ ဒီစွမ်းရည် ၄ ရပ်ကတော့ (၁) ကြိုတင်မျှော်လင့်ထားနိုင်စွမ်း၊ (၂) ဒဏ်ခံကာကွယ် ပေးနိုင်စွမ်း၊ (၃) လိုက်လျောညီထွေ ပြုပြင်နိုင်စွမ်း၊နှင့် (၄) အသွင်ကူးပြောင်းနိုင်စွမ်းရှိခြင်းတို့ ဖြစ်ပါတယ်။အားလုံးထဲမှာ အရေးကြီးတဲ့ အသွင်ကူးပြောင်းနိုင်စွမ်းကို မြှင့်တင်ဖို့အတွက် အတားအဆီးများ ဖြစ်တဲ့ လူနဲ့အဖွဲ့အစည်းများ စွမ်းရည်လုံလောက်ခြင်း မရှိမှု၊ အဖွဲ့အစည်းများရဲ့ တင်းကျပ်သော စနစ်များ ရှိနေမှု၊ ပြောင်းလဲမှုအတွက် လုံလောက်တဲ့ လူမှုရေးအရှိန်အဟုန် မရှိမှုတွေကို ရေတို၊ ရေရှည် စီမံကိန်းများချမှတ်ပြီး ဖြေရှင်းရန် လိုအပ်ပါတယ်။