
လူ့အသိုင်းအဝိုင်းမှာ လူနည်းစုအုပ်စုများ၊ ပစ်ပယ်ထားခြင်းခံရသောသူများဟာ အခွင့်အလမ်းများ၊ အရင်းအမြစ်များကို အားလုံးနည်းတူ တန်းတူလက်လှမ်းမီစွာ ရရှိစေသော အလေ့အကျင့်များ၊ မူဝါဒများ ရှိစေခြင်းကို အားလုံးပါဝင်စေခြင်းလို့ အကျဥ်းချုပ်ပြောလို့ရပါတယ်။ တန်းတူညီမျှ မရှိခြင်းဟာ အားလုံးပါဝင်စေခြင်းကို အဟန့်အတားဖြစ်စေပါတယ်။ အသက်၊ လိင်၊ မသန်စွမ်းမှု၊ လူမျိုး၊ ဘာသာစကား၊ မျိုးရိုး၊ ဘာသာ၊ စီးပွားရေး (သို့မဟုတ်) တခြားအဆင့်အတန်းများကြောင့် အခွင့်အလန်းများ၊ အရင်းအမြစ်များ တန်းတူညီမျှမရှိမှုကို ဖြစ်စေပါတယ်။
ကမ္ဘာ့နိုင်ငံများရဲ့ ကြိုးပမ်းမှုများကြောင့် အားလုံးပါဝင်လာနိုင်အောင် လုပ်ဆောင်နိုင်လာကြပေမဲ့ မညီမျှမှုများဟာ လျင်မြန်စွာပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ ကျယ်ပြန့်စွာ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ဥပမာ – ဝင်ငွေမညီမျှမှုများကို နှိုင်းယှဥ်ကြည့်လိုက်ရင် အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်း ဟာ ကမ္ဘာ့ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရရှိနေပေမဲ့ အနွမ်းပါးဆုံး ၁၀ ရာခိုင်နှုန်းကတော့ ထိုဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြားမျှသာ ရရှိနေပါတယ်။ မြန်မာ့လုပ်သားအင်အားမှာ အမျိုးသမီးများ ပါဝင်မှုနှုန်းဟာ အမျိုးသားများထက် များစွာနိမ့်နေပြီး ၄၇.၇ ရာခိုင်နှုန်းသာပေမဲ့ အမျိုးသားများမှာ ၇၇.၃ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ၂ သန်းကျော် မသန်စွမ်းများထဲမှ အများစုဟာလည်း အားလုံးများနည်းတူ လူ့အသိုင်းအဝိုင်းထဲမှာ ပါဝင်နိုင်ခြင်း မရှိကြသေးပါဘူး။
အားလုံးပါဝင်နိုင်မှုမြှင့်တင်နိုင်ရန် အခန်းကဏ္ဍ ၄ ခုကို နားလည်ရန်လိုအပ်ပါတယ်။ (၁) အခွင့်အရေး နှင့် တရားမျှတမှု – လူတစ်ဦးချင်းဆီရဲ့ အခွင့်အရေးနဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ရေးဟာ ဘာကြောင့် အရေးပါသလဲ၊ ဘယ်လို တရားမျှတမှုသေချာအောင် လုပ်ဆောင်ရမလဲ ဆိုတာကို နားလည်ရပါမယ်။ (၂) စံချိန်စံညွှန်းများနှင့်အဖွဲ့အစည်းများ – လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းတို့ရဲ့ သဘောထားအပြုအမူများနည်းတူ လူမှုရေးလည်ပတ်မှုရဲ့ အခြေခံတရားဝင်ဖွဲ့စည်းပုံ၊ ဥပဒေများနှင့် စည်းမျဉ်းများ ပုံဖော်ပေးသော ဘောင်များ၊ အလေ့အကျင့်များနှင့် မျှော်လင့်ချက်များကို နားလည်ရပါမယ်။ (၃) အရင်းအမြစ်များနှင့်စွမ်းရည် – လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုလုံခြုံရေးများ ထိန်းချုပ်နိုင်မှုနဲ့ ရွေးချယ်နိုင်ခွင့်အတွက် မရှိမဖြစ်လိုအပ်သော၊ တန်ဖိုးရှိ အရင်းအမြစ်များနဲ့ စွမ်းရည်များ လိုအပ်ပါတယ်။ (၄) ပါဝင်မှုနှင့်သဘောထား ထုတ်ဖော်မှု – နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်၊ ပြည်သူ့ဝန်ဆောင်မှုများကို ရယူနိုင်ခွင့်၊ လူတစ်ဦးချင်းဆီအတွက် အကျိုးသက်ရောက်မဲ့ ဆုံးဖြတ်မှုများတွင် ပါဝင်ခွင့်၊ လူတစ်ဦးဆီ သို့မဟုတ် အဖွဲ့အစည်းအား ကိုယ်စားပြုနိုင်ခွင့်တို့လည်း လိုအပ်ပါတယ်။ ဒီအခန်းကဏ္ဍ ၄ ခုအကောင်အထည်ဖေါ်မှုမှတဆင့် အားလုံးပါဝင်နိုင်မှုမြှင့်တင်ရန် ပတ်ဝန်းကျင်ကောင်းများကိုလည်း ဖန်တီးပေးရန် လိုအပ်ပါတယ်။