သာတူညီမျှရှိခြင်း

တန်းတူညီမျှရှိတိုင်းလည်း သာတူညီမျှမရှိနိုင်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် လူတိုင်းကို တန်းတူ ညီမျှ ငွေတစ်သိန်းပေးပေမဲ့ ဒီလူတိုင်းဟာ သာတူညီမျှမရှိလာပါဘူး။ သာတူညီမျှရှိစေချင်ရင် ချမ်းသာသူတွေထက် ဆင်းရဲသူများကို ငွေပိုပေးခြင်းဖြင့် သာတူညီမျှရှိလာအောင် လုပ်လို့ ရပါတယ်။ ဒီဥပမာကိုကြည့်ရင် တန်းတူညီမျှအကျိုးခံစားအောင် လုပ်ရတာလွယ်ပေမဲ့ သာတူညီမျှအကျိုးခံစားအောင် လုပ်ရတာ ခက်တယ်ဆိုတာ မြင်နိုင်ပါတယ်။ အားကစားလုပ်ရာမှာ အကျောပေးတယ်ဆိုတာ သာတူညီမျှရှိအောင် လုပ်တာလို့ ပြောလို့ရပါတယ်။ တက္ကသိုလ်ဝင်ခွင့် အမှတ်များကို ယောကျ်ားလေးနဲ့မိန်းကလေးများအတွက် မတူအောင်ထားတာကလည်း သာတူညီမျှ ရှိအောင် လုပ်ထားခြင်းပဲ။

ကမ္ဘာပေါ်မှာ ချမ်းသာသူများနဲ့ ဆင်းရဲသူများကြား၊ မြို့ပြနဲ့ ကျေးလက်ဒေသကြား၊ ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကြား အရာရာကွာဟမှုတွေ ရှိနေပါတယ်။ ဒါကြောင့် သာတူ ညီမျှ သောဖွံ့ဖြိုးတိုးတက်မှုလို့ဆိုရင် မညီမျှမှုကို လျော့နည်းစေ သောမူဝါဒများနှင့် လုပ်ငန်းစဉ်များမှတဆင့် လစ်လျူရှုခံထားရသော ဒေသ၊ လူမှုအသိုင်းအဝိုင်းများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းလို့ ဆိုနိုင်ပါတယ်။

ဆင်းရဲနွမ်းပါးမှုပပျောက်စေရေး၊ ငတ်မွတ်ခေါင်းပါးမှု ပပျောက်စေရေး၊ ကျား၊မ တန်းတူညီမျှ ရှိစေရေး၊ မညီမျှမှုများ လျော့နည်းသွားစေရေး၊ အားလုံးပါဝင်စေရေး စသည့်ရည်မှန်းချက်များ ဟာ သာတူညီမျှရှိအောင် တွန်းပို့ပေးသော ရည်မှန်းချက်များ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်များ အောင်မြင်စေဖို့အတွက် တန်းတူညီမျှရှိအောင် ဆောင်ရွက်ရသလို သာတူညီမျှရှိအောင်လည်း ကြိုးစားရပါမယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတစ်ဝှန်းလုံး တန်းတူညီမျှရှိစေရေး၊ သာတူညီမျှရှိစေရေးဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသလို အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် လွန်စွာ အရေးကြီးပါတယ်။ ဆင်းရဲနွမ်းပါးမှုကို ကြည့်ရင် ဒေသအလိုက် ကွာဟမှုတွေကို သိရပါမယ်။ ၂၀၁၇ခုနှစ် လူနေမှုအခြေအနေစစ်တမ်းအရ ကျေးလက်ဒေသမှာ လူဦးရေ ၃၀.၂ ရာခိုင်နှုန်းဟာ ဆင်းရဲကြပြီး မြို့ပြလူမှာတော့ ၁၁.၃ ရာခိုင်နှုန်းသာ ဆင်းရဲကြပါတယ်။ ချင်းပြည်နယ်မှာ ဆင်းရဲမှုနှုန်းဟာ ၆၀ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၄၀ ရာခိုင်နှုန်းရှိနေပေမဲ့ တနင်္သာရီ၊ မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာတော့ ၁၃နဲ့ ၁၄ ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ ဆင်းရဲမှုနှုန်းဟာ ၂၄.၈ ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုကွာဟချက်တွေကြောင့် ဆင်းရဲနွမ်းပါးမှုကွာဟမှုကို တိုက်ဖျက်ခြင်းအားဖြင့် သာတူညီမျှရှိခြင်းကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi