သူငယ်ချင်းတို့

သူငယ်ချင်းတို့

ငါတို့တွေ လူ့ဘဝကြီးထဲမှာ ခင်မင်ရင်းနှီးခဲ့ကြတာ နှစ်ပေါင်း၃၀ကျော်မကတော့။

ဖဆပလခေတ်ကို မကြုံခဲ့ရပေမဲ့ ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရခေတ်တွေကို ဖြတ်သန်းခဲ့ရတယ်။

မရေရာမသေချာတဲ့အချိန်တွေမှာ ပညာတွေသင်ကြားခဲ့ရသလို လမ်းညွှန်ရာမဲ့တဲ့ ဘဝတွေမှာရုန်းကန်လှုပ်ရှားခဲ့ကြရတယ်။

အောင်မြင်ကျော်ကြားတဲ့သူတွေရှိသလို အဆုံးအရှုံးပေါင်းများစွာကိုအံတုကျော်ဖြတ်နေရဆဲတွေလည်း ရှိတယ်။

အတိတ်ကိုတွေး ခံပြင်းနေသူတွေရှိသလို အနာဂတ်ကိုငေးရင်း မျှော်လင့်ချက်တွေ တမ်းတနေတဲ့သူတွေလည်း ရှိတယ်။

သူငယ်ချင်းတို့

ဒီနေ့မှာ ငါတို့ဟာ ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့ ခံယူချက်တွေကြောင့် ဝါစိမ်းနီပြာတွေကွဲပြားသွားကြပေမဲ့ ငါတို့ဟာ လွန်ခဲ့တဲ့နှစ်၃၀ကျော်တုန်းကလည်း ဒီဝါစိမ်းနီပြာတွေနဲ့ပဲ…

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊
မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊
မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊
မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။

ဆိုပြီး သံပြိုင်ဟစ်ခဲ့ကြတယ်။

အဲဒီတော့ကာ…. အခုလည်းကိုယ့်အရောင်ကို ကိုယ်စားပြုပြီး ပထမနဲ့နောက်ဆုံးစာကြောင်းလေးတွေကို ဆက်ပြီးလုပ်ရမယ်။

ငါတို့တွေ စိတ်ထက်သလေး ဘာလေးနဲ့ အချင်းချင်းချရင်း တလွဲဆံပင်ကောင်းနေကြလို့ မရတော့ဘူး။

ဘာလို့လဲဆိုရင်…

ငါတို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊

ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ်

ဒီတိုင်းပြည်ဟာ ငါတို့တိုင်းပြည်ဖြစ်နေအုံးမှာပဲ။

#progressive #dagon5 #dagon1 #RIT

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi