ငတ်မွတ်ခေါင်းပါးမှုကို အစားအစာအလုံအလောက်မရှိ၍ဆာလောင်ခြင်းလို့ ယေဘုယျသတ်မှတ်ကြပေမဲ့ အသေးစိတ်ကြည့်ရင်တော့ အာဟာရချို့တဲ့ခြင်း၊ ခွန်အားဖြစ်စေသောအစားအစာမစားနိုင်ခြင်းတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာပေါ်ရှိလူ ၉ဦးမှာ ၁ ဦးခန့် (သို့) လူသန်းပေါင်း ၈၂၁သန်းဟာ ၂၀၁၇မှာ နာတာရှည်အာဟာရချို့တဲ့မှုကို ခံစားခဲ့ရပါတယ်။ ငတ်မွတ်ခေါင်းပါးသူ သုံးပုံနှစ်ပုံဟာ မြန်မာအပါအဝင် အာရှနိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ထဲက မြို့နယ် ၅၀ကျော်မှာ အစားအစာမလုံလောက်ဘူးလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရှိ ၅နှစ်အောက်ကလေးတွေထဲမှာ ၃၀ရာခိုင်နှုန်းနီးပါးလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး ကြုံလှီသေးကွေးခြင်း၊ ၂၀ရာခိုင်နှုန်းနီးပါးဟာ ကိုယ်အလေးချိန်စံချိန်မမှီခြင်းတွေ ကြုံတွေ့နေရပါတယ်။
ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၂)ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်(၂)ဟာ ၂၀၃၀ ပြည့်နှစ်မှာ ပုံစံအမျိုးမျိုးဖြင့် ငတ်မွတ်ခေါင်းပါးခြင်းကို အဆုံးသတ်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှုကိုရရှိရန်အတွက် ရေရှည်တည်တံ့သောဖြေရှင်းနည်းများကိုရှာဖွေဖို့ ရည်ရွယ်ထားပါတယ်။ ရည်မှန်းချက်(၂)ရဲ့ ပစ်မှတ် ၈ခုဟာ ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးနဲ့ အာဟာချို့တဲ့မှုနည်းပါးစေရေးများအတွက် လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးတွေကို အဓိကဦးစားပေးထားပါတယ်။
လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း အိန္ဒိယဟာ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို ကိုင်တွယ်ရာတွင် သိသိသာသာ တိုးတက်ခဲ့တယ်။ ဒါပေမဲ့တိုးတက်မှုဟာ တိုင်းပြည်အတွင်း ညီတူမျှတစွာ မခံစားရခဲ့ဘူး။ ဒါကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အစိုးရနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝေးလံတဲ့ဒေသတွေမှာ စားနပ်ရိက္ခာမဖူလုံမှုနှင့်အာဟာရချို့တဲ့မှုကို ဆန်းသစ်တီထွင်မှုများဖြင့် ဖြေရှင်းခဲ့ပါလို့ အာဟာရချို့တဲ့မှုနှုန်းဟာ ၂၀ရာခိုင်နှုန်းအထက်ကနေ ၁၅ရာခိုင်နှုန်းလောက် ဆင်းသက်ခဲ့တယ်။
ဒီအတွက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် ငွေကြေး၊ နည်းပညာ၊ မူဝါဒသစ် စသည့်အထောက်အပံ့များ၊ ရင်းနှီးမြုပ်နှံမှုများဖြင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများအားလုံး စဉ်ဆက်မပြတ် ပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။