ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကျန်းမာရေးဆိုသည်မှာရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဖူလုံရေးကိုအပြည့်အဝခံစားနိုင်ပြီး ရောဂါ (သို့မဟုတ်) ဖျားနာမှုမရှိခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ဆိုကြတယ်။ ကောင်းမွန်သောကျန်းမာခြင်းလို့ဆိုရာမှာ သာမန်ကျန်းမာတဲ့ဘဝရှိခြင်းအပြင် မိခင်များကျန်းမာရေး၊ ကလေးသူငယ်နဲ့ရင်သွေးငယ်များ ကျန်းမာရေး၊ မသန်စွမ်းများကျန်းမာရေး၊ ကူးစက်ရောဂါများ ကူးစက်ခြင်းမဟုတ်သောရောဂါများ ကင်းရှင်းခြင်း စသည်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံ ကောင်းမွန်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ အခုလိုကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာ ပိုပြီးသိသာလာပါတယ်။
သာမန်အချိန်မှာတောင် တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်ပိုပြီး သုံးလာခဲ့ကြရတယ်။ ၂၀၁၇မှာ စုစုပေါင်းဒေါ်လာသန်းပေါင်း ၇သောင်း၈ထောင် (သို့မဟုတ်) တစ်ဦးချင်းအတွက် ဒေါ်လာ၁ထောင်ကျော် သုံးခဲ့ကြတယ်။ ကိုဗစ်ရောဂါပျောက်ကင်းအောင် အသုံးစရိတ်၂ဆ ၃ဆပိုသုံးဖို့ လိုလာနိုင်သလို တစ်ခြားကူးစက်ရောဂါများပပျောက်ရေးတွေမှာ အသုံးစရိတ်ကျဆင်းလာနိုင်တယ်။
ကောင်းမွန်သောကျန်းမာရေးနှင့်သုခချမ်းသာရှိရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၃) ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်(၃)ဟာ ၂၀၃၀ ပြည့်နှစ်မှာ မိခင်နှင့်ကလေးများကျန်းမာရေး၊ ကူးစက်ရောဂါနှင့်ကူးစက်ခြင်းမဟုတ်သော ရောဂါများ ပပျောက်စေရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတိုးတက်စေရေးအတွက် ရေရှည်တည်တံ့သောဖြေရှင်းနည်းများကိုရှာဖွေရန် ရည်ရွယ်ထားပါတယ်။ ရည်မှန်းချက်(၃)ရဲ့ ပစ်မှတ် ၁၃ခုထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုထောက်ပံ့အကူအညီပေးဖို့တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ အများကြီးလိုအပ်နေပါတယ်။ လူအင်အား၊ ငွေကြေးအင်အားတွေလည်း မလုံလောက်ပါဘူး။ ပြည်သူ့ဆေးရုံများမှာ အခြေခံအဆောက်အအုံနှင့်ပစ္စည်းကိရိယာများစွာ လိုအပ်လျက်ရှိနေဆဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်ဟာ နိုင်ငံ့ထုတ်ကုန်ရဲ့ ၂ရာခိုင်နှုန်းအောက်ရှိရာမှ ၄ရာခိုင်နှုန်းဝန်းကျင်အထက်သို့ တစ်ဖြည်းဖြည်းတိုးတက်လာခဲ့ပေမဲ့ ကမ္ဘာ့ပျမ်းမျှနှုန်း ၁၀ရာခိုင်နှုန်းပတ်ဝန်းကျင်နဲ့ ကွာဟနေဆဲဖြစ်ပါတယ်။ အသုံးစရိတ်တိုးမြင့်သင့်သလို ရလဒ်တွေကောင်းများ ညီတူမျှတစွာရရှိကြဖို့လည်း အရေးကြီးပါတယ်။