သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ်စနစ်ရရှိရေး

အားလုံးအတွက် သန့်ရှင်းသောသောက်သုံးရေနဲ့ ကောင်းမွန်သောရေဆိုးနုတ်စနစ်တို့ကို အသင့်ရရှိစေပြီး ရေရှည်တည်တံ့စွာ စီမံခန့်ခွဲနိုင်ခြင်းဟာ သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ် (မိလ္လာ) စနစ်ရရှိရေးတို့ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ မသန့်ရှင်းသော သောက်သုံးရေနဲ့ ရေဆိုးများကြောင့် နှစ်စဥ်လူပေါင်းများစွာ မလိုအပ်ပဲ ရောဂါမျိုးစုံကူးစက်ခံရပါတယ်။ ကိုဗစ်ကာလမှာလည်း ကမ္ဘာ့တချို့ ဒေသတွေမှာ သန့်ရှင်းသောရေရရှိနိုင်မှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းနိုင်သော အခြေအနေမရှိတာကြောင့် ပိုမိုရောဂါပြန့်ပွားစေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဌာန (၄) ခုမှာ (၁) ခုမှာလည်း အခြေခံရေရရှိမှု မရှိပါဘူး။

ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၂၂၀၀ သန့်ရှင်းသောရေမရရှိသေးသလို လူသန်းပေါင်း ၄၂၀၀ဟာလည်း ကျန်းမာရေးအတွက် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ်တွေကို မရကြပါဘူး။ မြန်မာနိုင်ငံမှာ လည်း လူ၉.၆သန်းဟာ သန့်ရှင်းသောရေရရှိမှုကင်းမဲ့စွာ အသက်ရှင်သန်နေရပါတယ်။ ၂၀၁၉စစ်တမ်းအရတော့ အိမ်ထောင်စုရဲ့ ၈၂ရာခိုင်နှုန်းဟာ သန့်ရှင်းသောသောက်သုံးရေ ရရှိတယ်လို့ ဆိုပါတယ်။

သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ်စနစ်ရရှိရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၆) ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်(၆)ရဲ့ ပစ်မှတ် ၈ခုဟာ ၂၀၃၀ ပြည့်နှစ်မှာ အားလုံးအတွက် လုံခြုံစိတ်ချရသော၊ စျေးနှုန်းချိုသာသော၊ သောက်သုံးရေကို တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ညီမျှစွာရယူသုံးစွဲနိုင်ရမယ်၊ လုံလောက်သော၊ သာတူညီမျှသော ရေဆိုးနုတ်စနစ်ရရှိနိုင်ရမယ်လို့ ရည်ရွယ်ထားပါတယ်။ နိုင်ငံအများစုဟာ ရေရှားပါးမှုဒဏ်ကို ကြုံတွေ့ခံစားနေရတာကြောင့် ပေါင်းစပ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုများအား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သင့်လျော်တဲ့အတိုင်း အကောင်အထည်ဖော်ရန် တိုက်တွန်းထားပါတယ်။

သန့်ရှင်းသောသောက်သုံးရေရရှိစေရုံနဲ့ လူ့အသက်ကို ၂၁ရာခိုင်နှုန်း ပိုကယ်နိုင်သလို လုံခြုံစိတ်ချရသော ရေဆိုးနုတ်စနစ်များ စီစဥ်ပေးခြင်းဖြင့် လူ့အသက် ၃၇ရာခိုင်နှုန်း ပိုကယ်နိုင်ပါတယ်။ ဒါကြောင့် ၂၀၃၀မှာ အားလုံးအတွက် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသက်သာသော သောက်သုံးရေရရှိနိုင်ဖို့ လုံလောက်သည့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ကောင်းမွန်သောရေဆိုးနုတ်စနစ်များ ထောက်ပံ့ပေးခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အားပေးခြင်းများ လိုအပ်ပါတယ်။ ရေနှင့်ဆိုင်သော ဂေဟစနစ်များကိုလည်း ကာကွယ်ခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်းများဟာလည်း လွန်စွာအရေးကြီးပါတယ်။

This is Posts 2 – Advertisement