ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါ၀င်နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အပြည့်အဝ အကျိုးဖြစ်ထွန်းသော အလုပ်အကိုင်များနှင့် သင့်တင့်လျောက်ပတ်သောအလုပ်များ ဖန်တီးပေးနိုင်ခြင်းတို့ဟာ သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး၏ အဓိကရည်ရွယ်ချက်များ ဖြစ်တယ်။
စီးပွားရေးအကျပ်အတည်း နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတို့ရဲ့ သက်ရောက်မှုများကြောင့် အလုပ်အကိုင်သစ်များဖန်တီးနိုင်မှုတွေမှာ အခက်အခဲရှိလာသလို အလုပ်လက်မဲ့ဦးရေလည်း တိုးတက်လာပါတယ်။ သာမန်အချိန်မှာတောင် အလုပ်လက်မဲ့ဦးရေ သန်းပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ၂၀၁၉ခုနှစ်မှာ ပျှမ်းမျှကမ္ဘာ့အလုပ်လက်မဲ့နှုန်းဟာ ၅.၄ရာခိုင်နှုန်းရှိသလို မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁.၅၈ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အကျပ်အတည်းများဟာ ပို၍သိသာလာနိုင်ပါတယ်။
ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကာလမှာတောင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုဟာ နှေးကွေးနေခဲ့ပါတယ်။ ၂၀၁၀-၂၀၁၈ခုနှစ်အတွင်းမှာ လူတစ်ဦးချင်းဝင်ငွေတိုးတက်နှုန်းဟာ ၂ရာခိုင်နှုန်းပဲရှိနေရာမှ ၂၀၁၉ခုနှစ်မှာ ၁.၅ရာခိုင်နှုန်းသို့ ထိုးကျခဲ့ပါတယ်။ ၂၀၂၀ခုနှစ်မှာ ၄.၂ ရာခိုင်နှုန်း ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ခုနှစ် ဒုတိယသုံးလပတ်မှာ အလုပ်အကိုင် သန်း၄၀၀ ဆုံးရှုံးခဲ့နိုင်ပါတယ်။ တရားမဝင်စီးပွားရေးကဏ္ဍထဲက အလုပ်သမားများတွေ အသက်မွေးဝမ်းကျောင်းမှုအတွက် အခက်အခဲရှိလာပါမယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၈)ဖြစ်တဲ့ သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး ပစ်မှတ် ၁၂ခုဟာ စီးပွားရေးတိုးတက်မှု၊ ကုန်ထုတ်စွမ်းအား မြင့်မားမှု နှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ပေးရန် ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းများ၊ လူကုန်ကူးခြင်းများ ပပျောက်ရေးအတွက် ထိရောက်သောဆောင်ရွက်မှုများရှိသလို စွန့်ဦးတီထွင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှုကို အားပေးမှုများလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံများနည်းတူ ကိုဗစ်ကပ်ရောဂါရဲ့သက်ရောက်ကြောင့် စီးပွားရေး တိုးတက်မှုနှေးကွေးသွားသလို အလုပ်လက်မဲ့ဦးရေလည်း တိုးလာနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးတာက ရေတိုပြန်လည်ထူထောင်ရေးအစီအစဥ်များချမှတ်သလို ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ လိုအပ်သောစီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအသွင်ပြောင်းခြင်းနဲ့ ကွဲပြားခြားနားသောစီးပွားရေးကဏ္ဍများ ဖန်တီးခြင်းများကို ဦးစားပေးသင့်ပါတယ်။