မညီမျှမှုများ လျော့နည်းသွားစေရေး

မညီမျှမှုများဟုဆိုရလျှင် ဝင်ငွေနဲ့ အခွင့်အလမ်းရရှိမှုများ ညီတူညီမျှမရရှိခြင်းလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ် မညီမျှမှုများ ရင်ဆိုင်နေရသူများ၊ ထိခိုက်ခံရလွယ်သူများလို့ ပြောရလျှင် အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ ရွေ့ပြောင်းသူများနဲ့ ဒုက္ခသည်များ ပါဝင်ပါတယ်။ လူတစ်ဦးချင်းစီအလိုက် မညီမျှမှုများရှိသလို ဒေသအလိုက်၊ လူမျိုးအလိုက်၊ နိုင်ငံအလိုက် မညီမျှမှုများ ရှိနေပါသေးတယ်။ ဝင်ငွေမညီမျှမှုများနဲ့အတူ ပြည်သူ့ဝန်ဆောင်မှုများ မလုံလောက်မှုကြောင့် ပညာရေးအခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်နိုင်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုမှာ မညီမျှမှုများ ပိုရှိလာပါတယ်။

ဝင်ငွေမညီမျှမှုများကိုနှိုင်းယှဥ်ကြည့်လိုက်ရင် အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းဟာ ကမ္ဘာ့ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရရှိနေပေမဲ့ အနွမ်းပါးဆုံး ၁၀ ရာခိုင်နှုန်းကတော့ ထိုဝင်ငွေရဲ့  ၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြားမျှသာ ရရှိနေပါတယ်။ မြန်မာနိုင်ငံစုစုပေါင်း၀င်ငွေရဲ့ လေးပုံတစ်ပုံလောက်က ဆင်းရဲနွမ်းပါးသော အောက်ခြေလူဦးရေ ၄၀ ရာခိုင်နှုန်းကို ရည်ညွှန်းနိုင်ပါတယ်။ အိမ်နီးချင်း နိုင်ငံများနဲ့​ ယှဥ်လျှင် မြန်မာနိုင်ငံရဲ့ ဝင်ငွေမညီမျှမှုဟာ နည်းပါပေမဲ့ မညီမျှမှုဟာ ချမ်းသာသောနိုင်ငံများထက် ဆင်းရဲသောနိုင်ငံများအတွက် ပို၍ အန္တရာယ်များပါတယ်။

မညီမျှမှုများ လျော့နည်းသွားစေရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၁၀) ဖြစ်ပါတယ်။ အသေးစိတ်ပြောရရင် အဲဒီရည်မှန်းချက်(၁၀)ရဲ့  ၂၀၃၀ခုနှစ် ပစ်မှတ် ၁၀ခုက ဆင်းရဲနွမ်းပါးသူများ ဝင်ငွေတိုးပွားရေး၊ အဆင့်အတန်း ခွဲခြားဆက်ဆံမှုများ ပပျောက်စေရေး၊ တန်းတူညီမျှအခွင့်အလမ်းများ ရရှိစေရေး၊ မညီမျှမှုများဖြစ်ပေါ်စေသော မူဝါဒနဲ့ စည်းမျဥ်းစည်းကမ်းများ ပပျောက်စေပြီး လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒများ ချမှတ်နိုင်ရေး၊ တန်းတူညီမျှပြီး သင့်လျော်သောလုပ်ခ ရရှိစေရေးနဲ့ ခွဲခြားဆက်ဆံခံရသူများရဲ့ အသံကို ပိုမိုကြားသိစေရေးတို့ကို ရည်ရွယ်ထားတယ်။

ဝင်ငွေမညီမျှမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းများ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငွေကြေးစျေးကွက်များ စော့င်ကြည့်ထိန်းသိမ်းခြင်းကို မြှင့်တင်ခြင်း၊ လိုအပ်မှုအရှိဆုံး ဒေသများသို့ တရားဝင်ဖွံ့ဖြိုးရေး အကူအညီနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများကို အားပေးဆောင်ရွက်စေခြင်းတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မညီမျှမှုများ လျော့ပါးသွားစေရန် ဝင်ငွေပိုမိုနိမ့်ပါးသူများ၊ ထိခိုက်ခံရလွယ် သူများအား စွမ်းရည်မြှင့်တင်ပေးပြီး စီးပွားရေးကို မြှင့်တင်နိုင်သည့် မူဝါဒများ လိုအပ်သလို အားလုံးပါဝင်နိုင်သော သဟဇာတဖြစ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်ပါတယ်။

This is Posts 2 – Advertisement