ကမ္ဘာ့သမုဒ္ဒရာများဟာ မြေပြင်ပေါ်ရှိ လူသားများရှင်သန်နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသည့် ကမ္ဘာ့ဂေဟစနစ်၏ မောင်းနှင်အားဖြစ်ပါတယ်။ လူသားအားလုံးအနေနှင့်လည်း ထိုအရေးပါသော ရေအောက်အရင်းအမြစ်များကို အရေးတကြီးစီမံခန့်ခွဲထိန်းသိမ်းခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို မျှတအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာများဟာ လူသားများ ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၃၀ ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုများကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဟာ သမုဒ္ဒရာများ၊ ပင်လယ်များနှင့် အဏ္ဏဝါအရင်းအမြစ်များကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ထားပါတယ်။
လူဦးရေ ၃ဘီလျံခန့်ဟာ သူတို့ရဲ့လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်းဒေသ သက်ရှိအမျိုးမျိုးပူးတွဲတည်ရှိမှုအပေါ် မှီခိုနေရလျက်ရှိပါတယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာအရ အဏ္ဏဝါနှင့်ကမ်းရိုးတန်းနှင့် သက်ဆိုင်တဲ့ သယံဇာတများနှင့် စက်မှုလုပ်ငန်း များရဲ့ စျေးကွက်တန်ဖိုးဟာ တစ်နှစ်လျှင် ဒေါ်လာ ၃ ထရီလီယံ (သို့မဟုတ်) ကမ္ဘာ့ဂျီဒီပီ၏ ၅ရာခိုင်နှုန်းခန့် ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကမ္ဘာ့ငါးထုတ်လုပ်ငန်းများ ၃၀ ရာခိုင်နှုန်းခန့်ဟာ အလွန်အကျွံထုတ်ယူသုံးစွဲမှုများရှိနေပြီး ရေရှည်တည်တံ့စွာ ထုတ်လုပ်ပေးနိုင်မှုကို ခြိမ်းခြောက်လျက် ရှိပါတယ်။ ပင်လယ်သမုဒ္ဒရာရေပြင် ညစ်ညမ်းမှုကို ကြည့်မယ်ဆိုရင်လည်း ပျမ်းမျှအားဖြင့် သမုဒ္ဒရာစတုရန်းကီလိုမီတာတိုင်းမှာ ပလပ်စတစ်လီတာပေါင်း ၁၃,၀၀၀ခန့်ကို တွေ့ရှိနေရပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၄)ဖြစ်တဲ့ ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး ပစ်မှတ် ၁၀ခုဟာ သမုဒ္ဒရာရေပြင်ညစ်ညမ်းမှုကို လျော့ချစေရေး၊ အဏ္ဏဝါအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေး၊ သမုဒ္ဒရာရေပြင် အက်စစ်ဓါတ်မြင့်မားလာမှုရဲ့ ဆိုးကျိုးသက်ရောက်လာမှုကို လျော့ချစေရေးတို့ကို အဓိက ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် တရားမ၀င်သော၊ မှတ်ပုံမတင်ထားသော၊ စည်းကမ်းမဲ့သော ငါးဖမ်းခြင်းများကို ပပျောက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပင်လယ်သမုဒ္ဒရာရေပြင် ညစ်ညမ်းမှုရဲ့ ဆိုးကျိုးသက်ရောက်မှု နည်းပါးတယ်လို့ ထင်ရပေမဲ့ သမုဒ္ဒရာကျန်းမာရေးအညွှန်းကိန်းအရ သီးသန့်စီးပွားရေးဇုန် ၂၂၁ထဲမှာ အဆင့်၁၈၆ ရှိနေပါတယ်။ အဆင့်နိမ့်ရတဲ့ အဓိက၂ချက်က ရေသတ္တဝါများကို ရေရည်တည်တံ့သော နည်းလမ်းများနဲ့ ဖမ်းဆီးမွေးမြူ မှုမရှိခြင်းနဲ့ ကမ်းရိုးတန်းနှင့်အဏ္ဏဝါ ခရီးသွားလုပ်ငန်းများ သေချာစွာ အသုံးမပြုနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပင်လယ်သမုဒ္ဒရာကို အခြေပြုသော ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းများကို ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် အသုံးချနိုင်အောင် အားပေးကူညီသင့်ပါတယ်။