တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သောစီမံအုပ်ချုပ်ရေးတို့မပါရှိဘဲ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးကို မျှော်လင့်မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေးဆိုသည်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းပြီး အားလုံးပါ၀င်သော လူ့အဖွဲ့အစည်းများကိုမြှင့်တင်ပေးရန်၊ အားလုံးအတွက်တရားမျှတမှုရရှိစေရန်နှင့် ထိရောက်သော တာဝန်ခံသော အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများကို အတန်းအစားအမျိုးမျိုးမှာ ဖွဲ့စည်းနိုင်ရန်တို့ကို ရည်ရွယ်ပါတယ်။
နိုင်ငံတကာဥပဒေအောက်မှာ ကာကွယ်စောင့်ရှောက်ထားသော်လည်း နေ့စဉ် လူ၁၀၀ဟာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးနေရပါတယ်။ ကမ္ဘာပေါ်မှာ သန်း၃၀နီးပါး မူလတန်းအရွယ်ကလေးများဟာ ပဋိပက္ခဒေသများမှာ နေရပါတယ်။ အဂတိလိုက်စားမှုများကြောင့် တရားစီရင်ရေးတွေမှာ အဟန့်အတား ဖြစ်စေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လာဘ်ပေးလာဘ်ယူမှု၊ ခိုးမှုနှင့် အခွန်ရှောင်တိမ်းမှုတွေကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁.၂၆ထရီလီယံခန့် ဆုံးရှုံးလျက် ရှိပါတယ်။ တရားဥပဒေစိုးမိုးမှုနည်းပါးခြင်းကြောင့် ကမ္ဘာပေါ်မှာ လူသတ်မှုပေါင်း ၄.၄သိန်းကျော် ရှိပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၆)ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေးရဲ့ ပစ်မှတ် ၁၂ခုဟာ အကြမ်းဖက်မှုပုံစံမျိုးစုံကို သိသာစွာလျော့ချသွားရန် ရည်ရွယ်ပြီး ပဋိပက္ခနှင့် မလုံခြုံမှုများကိုရပ်တန့်ရန် အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့်အတူတကွ လုပ်ကိုင်နိုင်ရန် တိုက်တွန်းထားပါတယ်။ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးများကို အားပေးမြှင့်တင်ခြင်းဟာ ထိုလုပ်ငန်းစဉ်များအတွက် အရေးပါပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အကြမ်းဖက်မှုများကာကွယ်ရန်နှင့် ရာဇ၀တ်မှုများ တိုက်ဖျက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားကောင်းလာစေရန်တို့ကိုလည်း ရည်ရွယ်ထားပါတယ်။
လက်နက်ကိုင် အကြမ်းဖက်မှုနှင့် လုံခြုံမှုမရှိခြင်းများဟာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး မျိုးဆက်လိုက် နစ်နာမှုအကျိုးဆက်များကို မကြာခဏခံရလေ့ ရှိနေပါတယ်။ ပဋိပက္ခဖြစ်ပွားရာ (သို့) တရားဥပဒေစိုးမိုးခြင်းမရှိတဲ့နေရာတွေမှာ လိင်အကြမ်းဖက်မှု၊ မှုခင်း၊ ကိုယ်ကျိုးရှာခြင်းနှင့် ညှဉ်းပန်းမှုပြုခြင်းများ ဖြစ်ပွားပျံ့နှံ့နေတာကြောင့် ပြည်သူများကို အကာအကွယ်ပေးရန် ပူးပေါင်းအဖြေရှာသောနည်းလမ်းများဖြင့် လုပ်ဆောင်သွားရန်လိုအပ်ပါတယ်။