အမြန်နှုန်းတစ်ခု၊ အဆင့်တစ်ခုကို ဟန်ချက်ညီညီ ထိန်းထားနိုင်စွမ်းရှိခြင်းဟာ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် အရေးကြီးပါတယ်။ ရေရှည်ရေရှည်တည်တံ့ရေးလို့ဆိုရင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို တွေးမြင်ကြပါတယ်။ လူတစ်ဦးစီ၊ အဖွဲ့အစည်း တစ်ခုစီ၊ နိုင်ငံတစ်နိုင်ငံစီဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှု၊ ကြံ့ခိုင်မှု၊ တိုးတက်မှု၊ သာယာမှု၊ အေးချမ်းမှု စသည်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် အနည်းနဲ့အများ ကြိုးစားနေကြပါတယ်။
အခုချိန်မှာတေ့ာ လူ့အဖွဲ့အစည်းများ၊ နိုင်ငံများဟာ သူတို့ရင်ဆိုင်နေရတဲ့ သဘာဝပတ်၀န်းကျင်နှင့် လူမှုရေးပြဿနာများ အကျပ်အတည်းများကြောင့် ‘ရေရှည်တည်တံ့ခိုင်မြဲရေး’ ဆိုတဲ့ စကားကို သတ်သတ်မှတ်မှတ် အခြေအနေ၊ အသုံးအနှုန်းများမှာ အသုံးပြုကြပါတယ်။ ဥပမာ – “စီးပွားရေး အလွန်အကျွံ တိုးတက်မှုများဟာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်လျက်ရှိပါတယ်” စသည်ဖြင့် သုံးနှုန်းကြပါတယ်။ အဖွဲ့အစည်းတစ်ခုတည်ထောင်ရင်လည်း ရေရှည်တည်တံ့ ခိုင်မြဲနိုင်ရေးကို အလေးထား စဥ်းစားကြပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဟာလည်း စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေးတိုးတက်မှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု၊ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှု၊ လူ့အသိုင်းအဝိုင်းအေးချမ်းသာယာမှုတွေ အားလုံးကို အဆင့်တစ်ခု၊ နှုန်းတစ်ခုမှာ ဟန်ချက်ညီညီ ထိန်းသိမ်းထားနိုင်စွမ်းရှိမှုအပေါ်မှာ အများကြီးအရေးကြီးပါတယ်။ ဟိုတစ်ချိန်တုန်းက ရေရှည် တည်တံ့ခိုင်မြဲရေးကို အလေးမထားပဲ ဟန်ချက်မညီတဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကြောင့် အခုချိန်မှာ နိုင်ငံတချို့ဟာ သဘာဝဘေး အန္တရာယ်များရဲ့ ပြင်းထန်စွာတိုက်ခိုက်မှုကို ခံနေရသလို လူမှုရေး အကျပ်အတည်းများနှင့်လည်း ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော၊ ဖြစ်ပေါ်နေဆဲဖြစ်သော နိုင်ငံရေးပဋိပက္ခများ၊ ငြိမ်းချမ်းရေးအပြည့်အဝမရှိခြင်းများကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ လူမှုရေးအဆင့်အတန်းမြင့်မားမှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်ရေးအတွက် တစ်ခြားနိုင်ငံများနှင့်မတူ အတော်ကြိုးစားနေရပါတယ်။ ဒါ့အပြင် ရေတိုအကျိုးစီးပွားကို ရှေးရှုသောလုပ်ငန်းများကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်မှုများ ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုများဟာ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုများနှင့် ဟန်ချက်ညီနေရန် လိုအပ်ပါတယ်။ သို့အတူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နောက်ချန်မထားဟူသော ရည်မှန်းချက်ပန်းတိုင်များ၏ ကတိကဝတ်နှင့်အညီ ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါတယ်။