
လူတိုင်းနှင့်သက်ဆိုင်သောမူဝါဒများဟုဆိုလျှင် အားလုံးနှင့်ဆိုင်သော တလောကလုံးနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးဝန်ဆောင်မှု၊ အခြေခံဝင်ငွေဖြန့်ဝေမှုတွေကို ချမှတ်ကျင့်သုံး ခြင်းလို့ ဆိုနိုင်ပါတယ်။ လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရေးဝန်ဆောင်မှုများကို မည်သည့်အရပ်ဒေသတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်မျိုးရိုး အဆင့်အတန်းတွင်ဖြစ်စေ လက်လှမ်းမီစွာ တန်းတူအခွင့်အရေးရရှိစေရေးတို့ဟာ လူတိုင်းအတွက် ကျန်းမာရေးလွှမ်းခြုံမှု၊ လူတိုင်းအတွက်ပညာရေး ဖြစ်ပါတယ်။ လူတိုင်းအတွက် အခြေခံဝင်ငွေဆိုတာကတော့ လူများရဲ့ ၀င်ငွေတိုးလာစေရန်အတွက် အစိုးရမှအနည်းဆုံး ပုံမှန်ငွေပေးချေခြင်းကို ရည်ညွှန်းထားပါတယ်။
လူတိုင်းအတွက် ကျန်းမာရေးလွှမ်းခြုံမှုရရှိရေးဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဦးစားပေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)ဟာ ၂၀၃၀ခုနှစ်မှာ လူတိုင်းအတွက် ကျန်းမာရေးလွှမ်းခြုံမှု ရရှိစေရမယ်လို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကြောင့် ဒီအမျိုးသားကျန်းမာရေးစီမံကိန်းရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အကျပ်အတည်းများဟာ အခွင့်အလမ်းများကို ဖန်တီးနိုင်သလို အခုကပ်ရောဂါဟာ လူတိုင်းအတွက် ကျန်းမားရေးလွှမ်းခြုံမှုမူဝါဒများ လိုအပ်တယ်ဆိုတာ မီးမောင်းထိုးပြသလို ဖြစ်ပါတယ်။
ကလေးသူငယ်တိုင်း ကျောင်းတွင်ပညာသင်ကြားနိုင်ရေးနှင့် အတတ်ပညာသင်ယူနိုင်ရေးတို့ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊ ကျန်းမာရေးတိုးတက်စေရန်၊ ငြိမ်းချမ်းရေးမြှင့်တင်ရန်၊ ဒီမိုကရေစီကို အားပေးရန်၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ကျား၊မခွဲတန်းတူညီမျှရှိစေရန်တို့အတွက် အလွန်အရေးကြီးပါတယ်။ အချို့ဒေသတွေမှာ ဆင်းရဲနွမ်းပါးမှုများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အခြား အရေးပေါ် အခြေအနေများကြောင့် ပညာရေးတိုးတက်မှုမှာ ခက်ခဲလျက် ရှိပါတယ်။ ဒီအချက်တွေကြောင့် မြန်မာနိုင်ငံမှာ ကလေး ၅ ယောက်မှာ ၁ ယောက်ဟာ ကျောင်း မတက်နိုင်ပါဘူး။ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ဟာ ကလေးအားလုံး (အထူးသဖြင့်အခွင့်အလမ်းနည်းဆုံးသူများ)သည် ကလေးဘဝတစ်လျှောက်လုံးမှာ အရည်အသွေးရှိသောပညာရေးကို ရယူနိုင်ရန် ရည်ရွယ်ထားပါတယ်။
လူတိုင်းအတွက် အခြေခံဝင်ငွေရရှိရေးကို တစ်ချို့နိုင်ငံများမှာ အသေးစားစမ်းသပ်ကျင့်သုံးမှုများ ရှိသော်လည်း ဒီနေ့အထိဘယ်နိုင်ငံမှာမှ နိုင်ငံတစ်ဝှန်း အကောင်အထည်မဖေါ်နိုင်သေးပါဘူး။ ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခက်မှုကြောင့် ကမ္ဘာတစ်ဝှန်းမှာ လူတိုင်းအတွက် အခြေခံဝင်ငွေရရှိရေး လုပ်ငန်းစဥ်များဆောင်ရွက်ကာ အကျပ်အတည်းများကို ဖြေရှင်းပေးနေကြပါတယ်။