ခေတ်သစ်Odyssey ခရီးစဉ်တစ်ခုဆိုတာ ရွှေရောင်တောက်ပနေသော စေတီပုထိုးများနဲ့ စိမ်းလန်းတောင်တန်းများရှိရာမြေမှ ဆင်းသက်လာပြီး ပျောက်ဆုံးနေသောလမ်းများကနေ နယ်စပ်မျဉ်းများကို ဖြတ်ကျော်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော သားသမီးတွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ စစ်ပွဲများနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် အမိမြေကိုစွန့်ခွာခဲ့ကြရပြီး၊ စိမ်းကားတဲ့တိုင်းတပါးမှာ ကျွမ်းကျင်အင်ဂျင်နီယာတွေဟာ ဆောက်လုပ်ရေးအလုပ်သမားတွေ ဖြစ်လာကြရသလို၊ ဆရာ/မတွေဟာလည်း အိမ်အကူ၊ ထမင်းချက်တွေ ဖြစ်လာခဲ့ကြရတယ်။
ဒီခရီးစဉ်တစ်လျှောက်မှာ သူတို့ဟာ စိတ်ကူးယဉ်ပုံပြင်များထဲကလို ရက်စက်လှတဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံကျော်ဖြတ်နေကြတယ်။ ပတ်စပို့တွေကို သိမ်းထားတဲ့ ပွဲစားတွေက ပုံပြင်ထဲက မျက်လုံးတစ်လုံးတည်းပါ Cyclops ဘီလူးများပမာ၊ ကတိအတုအယောင်များနဲ့ ကြွေးနွံထဲတွန်းပို့ပြီး ထောင်ချောက်ဆင် လိမ်လည်လှည့်ဖြားနေတဲ့ အေဂျင်စီတွေကတော့ Circe နတ်သမီးပမာ။ ဒါ့အပြင် ပြန်စရာအမိမြေဆိုတာ မရှိတော့ပါဘူးလို့ မျှော်လင့်ချက်မဲ့စေရန် သွေးဆောင်တွန်းအားပေးနေကြတဲ့ Siren တို့ရဲ့ ဖျားယောင်းသံများ။ တရားမဝင်နေထိုင်ရတဲ့ ကြောက်ရွံ့မှုနဲ့ ဖမ်းဆီးပြည်နှင်ဒဏ်ပေးမခံရအောင် စွန့်စားမှုတွေကြား Scylla နဲ့ Charybdisတို့ရဲ့ အန္တရာယ်နှစ်ဖက်ညှပ် စိန်ခေါ်မှုတွေအလယ်မှာ ရောက်ရှိနေရတယ်။ တစ်ချိန်ထဲမှာပဲ မိုင်ပေါင်းများစွာက မိသားစုရဲ့အရေးပါတဲ့အခိုက်အတန့်တွေနဲ့ လွဲချော်ခဲ့ရတဲ့ Underworldသဖွယ် ဝမ်းနည်းကြေကွဲမှုတွေကို ရင်စည်းခံရင်း၊ လက်လျှော့လိုတဲ့ စိတ်ဆန္ဒတွေကို ကြံ့ကြံ့ခံတိုက်ထုတ်နေကြရတယ်။
ဒါပေမဲ့လည်း၊ မုန်တိုင်းကို ဖြတ်ကျော်ပြီး သူတို့ဟာ Nostos ဟုခေါ်တဲ့ မနက်ဖြန်များစွာ စောင့်မျှော်ခဲ့ရသည့် “အိမ်ပြန်ချိန်” အတွက် ကြံ့ခံရင်ဆိုင်နေကြရတယ်။ ဒါတွေဟာ အိမ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ လျှော့တွက်လို့မရနိုင်တဲ့ ချစ်ခြင်းမေတ္တာအင်အားတွေနဲ့ လှုံ့ဆော်ပေးထားတာဖြစ်ပြီး၊ အမှောင်ထုထဲတွင် ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကိုလည်း ဖန်တီးပေးနေသလိုပါပဲ။
ကျွန်တော်တို့အားလုံးဟာ Odysseus ခရီးသွားတွေပါ။ မရွေးချယ်ခဲ့တဲ့ ရေပြင်လွှာတွေကို ဖြတ်သန်းရင်း၊ ရင်ဆိုင်ဖို့မတောင်းဆိုခဲ့တဲ့ သားရဲဆိုးတွေကို ဖြတ်ကျော်ကာ၊ မမှန်းဆခဲ့ဖူးသမျှ အိမ်နှင့်အလှမ်းဝေးရာကို ရွက်လွှင့်ခဲ့ကြရပြီးပါ။ ကမ်းခြေဆိုတာ ဟိုမှာရှိနေဆဲဖြစ်ပြီး၊ ငြိမ်းချမ်းရေးဟာလည်း ဘယ်လောက်ပဲ ကြာမြင့်ပါစေ၊ အချိန်တန်ရင် ခရီးသွားတစ်ယောက်ကို အိမ်ကိုအရောက်ပြန်ပို့ပေးမဲ့ လေညင်းလေးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။
#MyanmarOdyssey – ငြိမ်းချမ်းရေးနဲ့ အိမ်ဆိုတာတွေဟာ တစ်နေ့နေ့မှာ အမှတ်တရထဲကနေ စကားလုံးတစ်လုံးထက် ပိုမိုနက်ရှိုင်းလာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့၊ ဒီလမ်းကို လျှောက်လှမ်းခဲ့ကြတဲ့ လူ့အဖွဲ့အစည်းအသီးသီးက ရေတွက်လို့မရနိုင်တဲံ့မြန်မာမိသားစုတွေအားလုံးအတွက် ကျွန်တော့်ရဲ့ ဆုတောင်းမှုပါ။