လူအားလုံးလက်လှမ်းမီတတ်နိုင်သော၊ ယုံကြည်စိတ်ချရသော၊ ရေရှည်တည်တံ့သောနှင့် ခေတ်မီစွမ်းအင်ရရှိရန် အလွန်ရေးကြီးပါတယ်။ ၂၀၁၈ခုနှစ်မှာ ကမ္ဘာပေါ်လူဦးရေ သန်း၇၈၉ဟာ လျှပ်စစ်မီးမရရှိကြပါဘူး။ ရရှိခဲ့ရင်တောင် ၂၄နာရီပုံမှန်ရနိုင်သော၊ စျေးနှုန်းသက်သာသော၊ စွမ်းအင်အားအပြည့်အဝရသော လျှပ်စစ်မီးနဲ့ အလှမ်းဝေးနေပါသေးတယ်။ မြန်မာမှာတော့ လျှပ်စစ်မီးရရှိနိုင်မှုဟာ ၂၀၁၅-၂၀၁၆ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ ၃၇ရာခိုင်နှုန်း (အိမ်ထောင်စု ၃.၇သန်း) ရှိရာမှ ၂၀၁၉ခုနှစ်မှာ ၅၀ရာခိုင်နှုန်း (အိမ်ထောင်စု ၅.၅သန်းခန့်) ရှိလာခဲ့တယ်။ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာ အိမ်ထောင်စုများဟာ အမျိုးသားဓါတ်အားလိုင်းတွေကို မဆက်သွယ်နိုင်သေးပါဘူး။
ဒါ့အပြင် လူဦးရေတိုးပွားလာတာနဲ့အမျှ စျေးပေါသောစွမ်းအင်လိုအပ်ချက်ဟာလည်း တိုးမြင့်လာပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအပေါ် မှီခိုသောစီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများကြောင့် ရာသီဥတုအကြီးအကျယ်ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေပါတယ်။ ကမ္ဘာ့လူဦးရေ သန်း၃ထောင်လောက်ဟာလည်း ထင်း၊ မီးသွေးများကို ထမင်းဟင်းချက်ခြင်းနဲ့ အိမ်အပူပေးခြင်းများအတွက် သုံးနေရဆဲကြောင့် သစ်တောပြုန်းတီးမှုတွေ ရှိနေဆဲပါ။
ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၇)ဟာ လူတိုင်းတတ်နိုင်၍ သန့်ရှင်းသောစွမ်းအင်ရရှိရေးကို ဦးတည်ထားပါတယ်။ ရည်မှန်းချက်(၇)ရဲ့ ပစ်မှတ် ၅ခုဟာ ၂၀၃၀ခုနှစ်မှာ လူတိုင်းလက်လှမ်းမှီတတ်နိုင်သော၊ ခေတ်မီသော၊ သန့်ရှင်းသော၊ ယုံကြည်စိတ်ချရသော၊ ရေရှည်တည်တံ့သော စွမ်းအင်ရရှိစေရေးကို ရည်ရွယ်ထားပါတယ်။ ခုနှစ်၂၀၃၀မှာ ရည်မှန်းချက်(၇)ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် နေရောင်ခြည်စွမ်းအင်၊ လေနှင့် ဘူမိစွမ်းအင်များတွင် ပိုမိုရင်းနှီးမြှုပ်နှံကာ စွမ်းအင်ကုန်ထုတ်စွမ်းအားတိုးတက်စေခြင်းဖြင့် လူအားလုံးအတွက် စွမ်းအင်ရရှိစေရန် လိုအပ်ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ လျှပ်စစ်မီးပုံမှန်ရရှိရေး၊ အလှမ်းဝေးသော ကျေးလက်ဒေသများသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် သန့်ရှင်းပြီး ပိုမိုထိရောက်သောစွမ်းအင်များ ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ အဲဒီလိုပေးနိုင်ရန်အတွက် အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် နည်းပညာအဆင့်မြှင့်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် အထောက်အကူပြုရပါမယ်။ ဒါမှသာ နိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်စေရုံသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။