အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲသော မြို့ကြီးများနှင့် လူမှုအသိုင်းအဝိုင်းပေါ်ပေါက်ရေးဟာလည်း နိုင်ငံဖွံ့ဖြိုးရေးနဲ့အေးချမ်းသောလူ့ဘောင် တည်ဆောက်ရေးအတွက် လွန်စွာအရေးကြီးပါတယ်။ မြို့ကြီးများနဲ့ မြို့ပြများဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော အားအင်များဖြစ်ကြပါတယ်။
ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ဟာ မြို့ကြီးများမှာ နေထိုင်ကြပါတယ်။ ၂၀၅၀ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေသုံးပုံနှစ်ပုံခန့် (လူသန်းပေါင်း ၆၅၀၀)ဟာ မြို့ပြများတွင် နေထိုင်ကြပါလိမ့်မယ်။ လူဦးရေမြင့်တက်ပြီး ပြောင်းရွေ့နေထိုင်မှုတွေ မြင့်မားလာတာနဲ့အမျှ မြို့ကြီးများ ကျယ်ပြန့်ကြီးထွားလာကာ ပျံကျရပ်ကွက်များဟာ မြို့ပြဘဝရဲ့ သိသာတဲ့လက္ခဏာရပ်တစ်ခု ဖြစ်လာပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့စစ်တမ်းအရ ၂၄ရာခိုင်နှုန်းသော မြို့ပြနေသူများဟာ ပျံကျရပ်ကွက်များ မှာသာနေကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၄ နောက်ဆုံးစစ်တမ်းအရ မြန်မာ့မြို့ပြလူဦးရေရဲ့ ၄၁ရာခိုင်နှုန်းဟာ ပျံကျရပ်ကွက်များမှာ နေကြပါတယ်။ အခုဆိုရင် ကိုဗစ်ရောဂါကူးစက်မှုရဲ့ ၉၀ရာခိုင်နှုန်းဟာ မြို့ပြများမှာ ဖြစ်ပွားနေတာကြောင့် လူဦးရေထူထပ်သော ပျံကျရပ်ကွက်များအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၁)ဖြစ်တဲ့ ရေရှည်တည်တံ့သောမြို့ကြီးများနှင့် လူမှုအသိုင်းအဝိုင်းပေါ်ပေါက်စေရေးရဲ့ ပစ်မှတ် ၁၀ခုဟာ ၂၀၃၀ခုနှစ်မှာ လူတိုင်းအတွက် လုံခြုံ စိတ်ချရသော၊ တတ်နိုင်သော အိမ်ရာနဲ့ အခြေခံ၀န်ဆောင်မှုများ၊ ပျံကျရပ်ကွက်များကို အဆင့်မြှင့်တင်ပေးမှုများအတွက် ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် လုံခြုံစိတ်ချရသော၊ လက်လှမ်းမှီသော၊ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်များ ဖန်တီးရန်နဲ့ အများပြည်သူများအသုံးပြုနိုင်ရန် စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ပါဝင်ပါတယ်။
မြို့ပြတည်ဆောက်ပုံနဲ့ မြို့ပြမြေယာများကို သိသာစွာပြောင်းလဲခြင်းမရှိရင် ရေရှည်မှာ စီမံခန့်ခွဲနိုင်မှုဟာ တိုးတက်မလာနိုင်ပဲ အခက်အခဲများစွာ ရင်ဆိုင်နေရပါမယ်။ မြို့ပြများကို စဉ်ဆက်မပြတ်တိုးတက်မှုရှိရန် ဘေးကင်းလုံခြုံ၍ အားလုံးတတ်နိုင်သော အိမ်ရာစနစ်များ ဖန်တီးပေးခြင်း၊ အဆင်ပြေချောမွေ့မှုရှိသော အများသုံး သယ်ယူပို့ဆေင်ရေးစနစ်၊ စိမ်းလန်းစိုပြည်သော အများပြည်သူပိုင်နေရာများ ဖန်တီးခြင်း၊ ဒဏ်ခံနိုင်စွမ်းရှိသော လူမှုအသိုင်းအဝန်းများနှင့် စီးပွားရေးစနစ်များ တည်ထောင်ခြင်းတို့ဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မြို့ပြဆိုင်ရာ စီမံချက်များရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းများကို အားလုံးပါဝင်စေပြီး အားလုံးအကျုံးဝင်သော နည်းလမ်းများအဖြစ် မြှင့်တင်ပေးရန် လိုအပ်ပါတယ်။